ညဆိုမှောင်လျှင်....
အသင်လာရောက် ၊ တံခါးခေါက်၍
ကြောက်မက်ဖွယ်ရာ၊ရယ်တတ်ပါလည်း
ငါ့မှာကျောက်ရုပ်၊မတုန်လှုပ်လျှင်
နစ်မြုပ်လင်္ကာ၊ငါ့ကဗျာကို
တွေးကာ တွေးကာ... ရေးမြဲတည်း။
သင့်ခြေသံကား၊ဝေးသွားတစ်ဖန်
နီးလာပြန်လျက်၊ညဥ့်ငှက်ကျူ ကျူ
ခွေးအူအူနှင့်၊ လူသူတိတ်ဆိတ်
နှင်းပိတ်မြူ မှိုင်း၊ မှောင်တံတိုင်းများ
သစ်ကိုင်းကြားမှ၊ ငါ့အားချောင်းကြည့်
လာလှည့်မိတ်ဆွေ၊ ငါခေါ်ချေလည်း
တွေဝေကြောက်ရွံ့၊မလာဝံ့သည်
စောင့်ငံ့ရက်ပေါင်း များစွာတည်း။
လာလော့ ...လာလော့ ၊ အသော့ငါ့ထံ
ဧည့်ခံမည်သာ၊ ငါ့ကဗျာနှင့်။
အို... တံခါးကိုဖွင့်၊ နားစွင့်စောင့်ပါ
မလာပြီလော...ကြောက်သလောထင့်။
ဤလူ့ပြည်တွင်၊ အသင်တကယ်
ရှိမယ်မထင်၊ငါဆင်ခြင်မိ
ငါ့တွင်စွမ်းအား၊ လင်္ကာများနှင့်
သင့်အားချိန်းဆိုပါသတည်း။
အို...ရှင်သေမင်း၊အရှက်ကင်းစွာ
သင်မလာလည်း၊ငါလာခဲ့မည်
ငါသည်သေမင်း သင်၏သေမင်းတည်း။
ဒေါင်းနွယ်ဆွေ
(မိုးသောက်လင်္ကာပန်းကဗျာများ)
Wednesday, December 7, 2016
မရှိသော မိတ်ဆွေသို့ ဖိတ်ခေါ်ခြင်း
Labels:
ဒေါင်းနွယ်ဆွေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment