တန်ခူးလဘွဲ့
(၁) ဟောင်းရွက်ညှာ ခါလှစ်ပါလို့၊ တာသစ်ကယ်တဲ့နံ့ကြိုင်။သုတ်ဖြူးလေဆော်က၊ ပန်းကံ့ကော် ဝတ်မှုန်ကျင်း၊ သင်းပျံ့လို့လှိုင်။ ကြယ်နှစ်ပြိုင်၊ သွယ်ဆိုင်ပဝင်း၊ စိတြငယ်နှင့်၊ ငွေလသော်တာတို့၊ ယုဂန်ချာ တောင်တော်စွန်းမှာ၊ ထွန်းထိန်လို့လင်း။
ကဆုန်လဘွဲ့
(၂) စံကားဝါ ငုံသင်းလို့၊ ကြယ်မင်းတဲ့ ဝိသာခါ၊ တိမ်ဗွေမှာ ရောင်ခြည်ရွှန်း၊ ထွန်းတဲ့ချိန်ခါ။ စုံကန္တာ၊ ဟေမာမြိုင်ထဲ၊ ရွှေကျေးပျံ့သင်းလို့၊ စံပျော်ရွှင် သည်ဟိုကူးလို့ငယ်၊ မြူ ကြစမြဲ။
နယုန်လဘွဲ့
(၃) ရွှေစာတော် ပြန်မေးလို့၊ မြတ်လေးတဲ့ စံပယ်၊ မေထုန်ဆိုရာသီကူး၊ ပွင့်ဖူး ဝတ်မှုံနံ့၊ သင်းပျံ့တော့တယ်။ ကောင်းကင်လယ် ထက်ဝယ်ဘုံက၊ ဇေဋ္ဌ ရွှေကြယ်မင်းငယ်၊ လင်းတဲ့ချိန်ပ။
ဝါဆိုလဘွဲ့
(၄) ပြုဗ္ဗာသာ၌ ကြယ်ထွန်းလို့၊ လဝန်းသော်တာ၊ သည်ချိန်ကို ယုဂန်ဖျားက၊ နှစ်ပယး ရောင်ခြည်ဆိုက်၊ လင်းခိုက်မို့သာ၊ ရနံ့ငယ်ဖြာ၊ ညှာတံက ငုံဖူး၊ ပုန်းညက်ကယ် ခိုင်ပင်မင်းက၊ သင်းပျံ့ပျံ့ကြူး။
ဝါခေါင်လဘွဲ့
(၅) ထက်အာကာ ဘုံစွန်းက၊ တောက်ထွန်းလို့ ထိန်ဝါ၊ သရဝဏ်ရွှေကြယ်မင်း၊ လင်းတဲ့ချိန်ခါ။ လေညင်းငယ်လာ၊ သိဟ်ရာသီပေမို့၊ ရှုတိုင်းငယ် ဘယ်ညာက၊ ပန်းခတ္တာ ဝတ်မှုန်ကျင်းတယ်၊ သင်းပျံ့လှိုင်လို့။
တော်သလင်းလဘွဲ့
(၆) ကန်ရာသီ ချိန်တွင်းမို့၊ ရွှေရင်းတဲ့မာငုံ၊ မြိုင်ဟေမာ သာနန်းက သုတ်ဖျန်းလေယူဖြန့်၊ သင်းပျံ့ပျံ့ထုံ။ တိမ်စွန်ဘုံ၊ ရောင်ဟုန်လျှံပ၊ လမင်းသော်တာနှင့်၊ အဗဒ္ဓါဆို ရွှေကျီးငယ်၊ နီးသည့်ကာလ။
သီတင်းကျွတ်လဘွဲ့
(၇) ကြာငါးမည် ကြိုင်သင်းလို့၊ လျှံဝင်းတဲ့ ပြောင်ထိန်၊ ရွှေနန်းတောင်တော်ဦးမှာလ၊ ကွန့်မြူးမြင်းမိုရ်မီး၊ ညီးတဲ့ခါချိန်။ ရှိဦးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း၊ သက္ကစ္စဂါ ရဝါနှင့်၊ စဉ်အလာ ပူဇော်ပွဲကို၊ ခဲကြပေတောင်း။
တန်ဆောင်မုန်းလဘွဲ့
(၈) လှူကထိန် သင်္ကန်းနှင့်၊ မဂ်လမ်းတဲ့ ဆုပန်ရွယ်၊ သည်ချိန်ကို ဝတ်မှုန်ကြဲလို့၊ ခဝဲ ရွှေညှာရင်းမှာ၊ သင်းရနံ့ကြွယ်၊ ကောင်းကင်လယ်၊ ထက်ဝယ်ဘုံဦး၊ ရွှေလစန္ဒာနှင့်၊ ကြတ္တိကာကြယ် ရောင်စွမ်းတယ်၊ ထွန်းထိန်လို့မြူး။
နတ်တော်လဘွဲ့
(၉) ရှစ်ခွင်ကို မြူဆင်းလို့၊ ငွေနှင်းတဲ့နုစို၊ ဂမုန်းသဇင်တို့၊ စုံခွင်မှာလေချို ညင်းက၊ သုတ်သွင်း ဘယ်ညာနှံ့၊ သင်းပျံ့ပျံ့ချို ။ ယုဂန္ဓိုရ်၊ တောင်မိုထိပ်ဖျား၊ ရွှေလစန္ဒီနှင့်၊ မိဂသီရောင်ခြည်ဖျန်းတယ်၊ မြန်းတူကြွသွား။
ပြာသိုလဘွဲ့
(၁၀) ငွေသော်တာ စန္ဒနှင့်၊ ဖုသျှတဲ့ လမ်းဆုံ၊ တိမ်လွှာမှာ ရောင်ဝါကျင်းလို့၊ နှစ်မင်းတူပြိုင်ပ၊ မြန်းကြွခိုက်ကြုံ ။ ဘရဂုဏ်၊ မြိုင်စုံမြန်း၊ နုစိမ်းစိုစိုနှင့်၊ ပန်းခွာညို ငုံတံထူးတယ်၊ ဖူးပွင့်ချက်ဆန်း။
တပို့တွဲလဘွဲ့
(၁၁) ရာသီချိန် ခါရောက်လို့၊ လဲပေါက်တဲ့ ပွင့်ညီ၊ ရွှေဖီနံ့သာနှင့် ခြောက်ရောင်ဝါ စေတီရင်းမှာလ၊ ဆယ်စင်းလက်စုံပူး၊ ဦးမြှောက်လို့ချီ ။ ငွေနှင်းရယ်စီ၊ သုံးလီ သမယ၊ ယူဇနာ၊ မြင့်မြတ်ကယ်သင်္ချာနှင့်၊ ယုဂန်ညာ တောင်တော်စွန်းမှာ၊ ထွန်းလိမ့် မာဃ။
တပေါင်းလဘွဲ့
(၁၂) ပန်းရွှေလီ ကြိုင်လှောက်လို့၊ ပိတောက်ကယ်တဲ့ သင်းချို ၊ ဥတ္တရာ၊ ဘရဂုဏ်က၊ တိမ်ဘုံမှာ ရောင်ခြည်လင်းလို့၊ လမင်းသော်တာနှင့်၊ တူမကွာထိန်ဝါလဲ့၊ ထွန်းတဲ့ခါကို၊ သောင်သဲငယ်မို၊ ရေညိုရစ်မို့၊ လေညင်းငယ်လာ၊ စုံဟေမာမြိုင်ထဲက၊ ဝမ်းဘဲ ရွှေစင်ရော်တို့၊ ဖော်ခေါ်သံ မောင်မယ်ကျူးတယ်၊ မြူးပျော်ုကလို့။
ဖိုးသူတော်ဦးမင်း
Friday, April 14, 2017
ဆယ့်နှစ်ရာသီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment